ဖိလစ်ပိုင်တွင် လိင်ပြောင်းထားသူအမျိုးသမီး လွှတ်တော်အမတ်ဖြစ်လာ


ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပခဲ့သော မေ ၉ ရွေးကောက်ပွဲမှ ဂျရယ်ဒင်းရိုမန် (Geraldine Roman) ဆိုသည့် လိင်ပြောင်းထားသူ အမျိုးသမီးတဦး လွှတ်တော်အမတ်ဖြစ်လာခဲ့သည်။ ဂျရယ်ဒင်းရိုမန်သည် ရိုမန်ကက်သလစ်အများစုနေထိုင်သည့် ဖိလစ်ပိုင်နိုင်ငံတွင် လိင်ပြောင်းထားသူတဦးအနေနှင့် ပထမဆုံးလွှတ်တော်အမတ်ဖြစ်လာခြင်း ဖြစ်သည်။ မဲဆွယ်စည်းရုံးရေးကာလအတွင်း လှောင်ပြောင်သရော်မှုများနှင့် ကြုံတွေ့ခဲ့ရသော်လည်း မနီလာမြို့မြောက်ပိုင်း ဘာတန်ခရိုင်မှ ၀င်ရောက်ယှဉ်ပြိုင်သူ ဂျရယ်ဒင်းရိုမန်၏ ရွေးကောက်ပွဲအောင်နိုင်မှုအပေါ် ဖိလစ်ပိုင်ပြည်သူများက တွင်တွင်ကျယ်ကျယ် အားပေးထောက်ခံခဲ့ကြသည်။


အသက် ၄၉ နှစ်ရှိပြီဖြစ်သော မစ္စရိုမန်သည် နိုင်ငံရေးမျိုးရိုးမှ ပေါက်ဖွားလာသူဖြစ်ပြီး သူမသည် အာဏာရပါတီဖြစ်သော Liberal party မှ အောက်လွှတ်တော်အမတ်အဖြစ် ရွေးကောက်ခံရခြင်း ဖြစ်သည်။ ယင်းနေရာကို ယခင်က သူမ၏မိခင်က ရယူထားခဲ့ခြင်းဖြစ်သည်။
“ကျွန်မလိုလူတယောက်က လွှတ်တော်ထဲရောက်နိုင်တယ်ဆိုတာ လိင်အပြောင်အလဲလုပ်ထားသူတွေလည်း နိုင်ငံ့အကျိုးသယ်ပိုးနိုင်တယ်ဆိုတာကို ပြသလိုက်တာပဲဖြစ်ပါတယ်။ လိင်ပြောင်းထားသူတွေကို ခွဲခြားဆက်ဆံတာမျိုး မလုပ်သင့်ဘူး။ ကိုယ့်ရဲ့လိင်သဘာဝကို ကွယ်ဝှက်ထားတဲ့အခါ ပြဿနာရှိပါတယ်။ အခု ဒီဘ၀မှာ ကျွန်မ ကျေနပ်ပျော်ရွှင်တယ်။ ဘာကြောင့် ရှက်နေရမလဲ”ဟု သူမက ပြောသည်။

ဂျရယ်ဒင်းရိုမန်သည် ၁၉၉၀ ပြည့်နှစ်များအတွင်းက လိင်ပြောင်းလဲရန် ခွဲစိတ်ကုသမှုခံယူခဲ့ပြီး အမျိုးသားတဦးနှင့် ချစ်ကြိုက်နေသည်မှာ ၁၈ နှစ်ရှိပြီဖြစ်သည်။

သူမအနေနှင့် အခြားသောနိုင်ငံရေးကိစ္စရပ်များအပြင် LGBT ခေါ် လိင်တူချစ်သူများအခွင့်အရေးကိုလည်း အားပေးထောက်ခံသွားမည်ဟုဆိုသည်။ ဖိလစ်ပိုင်သမ္မတသစ်ဖြစ်လာမည့် ရိုဒရီဂိုဒူတာတေကလည်း လိင်တူချစ်သူအခွင့်အရေးကို ထောက်ခံအားပေးမည့်သဘော အရိပ်အမြွက် ပြောကြားထားသည်။

“ဒီကနေ့ ယေရှုခရစ်တော်သာ အသက်ရှင်လျှက်ရှိမယ်ဆိုရင် (လိင်တူချစ်သူတွေအပေါ်) ခွဲခြားဆက်ဆံမှုကို ခရစ်တော်က သဘောတူလိမ့်မယ်မဟုတ်ဘူး”ဟု မစ္စရိုမန်က ပြောသည်။

Ref;The Telegraph
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/
Share on Google Plus

About သတင်းစုံပျော်ဝင်အိုးကြီး

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment